Tuesday, June 12, 2007

မျှော်လင့်ခွင့်

  • သူချစ်ခဲ့တယ်ဆိုတာ ..
    စိတ်ပျော်ရွှင်စရာကောင်းပါတယ်။
    ဒါပေမယ့် ...
    သူချစ်နေတယ်ဆိုတာပဲ ငါလိုချင်တယ်။

  • သူလွမ်းခဲ့တယ်ဆိုတာ ..
    စိတ်ကျေနပ်စရာကောင်းပါတယ်။
    ဒါပေမယ့် ...
    သူလွမ်းနေတယ်ဆိုတာပဲ ငါလိုချင်တယ်။

  • ငါ့ကို ချန်မထားရစ်ခဲ့ပါနဲ. ချစ်သူ
    (တနည်းအားဖြင့်..)
    ငါ့ကို ကလဲ့စားမချေပါနဲ.။

  • တချိန်က
    မင်းပူဆွေးခဲ့ရသလို ငါကိုယ်တိုင်လည်း ပျော်ရွှင်ခဲ့ရသူမဟုတ်ပါဘူး။
    မင်းအလွမ်းတွေနဲ. ငါဟာ ကျိန်စာသင့်ခဲ့ရသူပါ။

  • ငါတို.နှစ်ယောက် ရင်ထဲ
    အချစ်တွေ မပျက်သှဉ်းသေးဘူးဆိုရင် ..
    တနေ.နေ.မှာ တမိနစ်လေးလောက်ပဲဖြစ်ဖြစ်
    မင်းရင်ခွင်မှာ နေခွင့်လေးလောက်တော့
    ငါ့ကို မျှော်လင့်ခွင့်ပေးပါ ....

Sunday, June 3, 2007

အချစ်စစ်ဆိုတာ

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ဆုံစည်းရမယ်ဆိုရင်
အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ချစ်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာ မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်ကို ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်
အဲဒီသူဟာလည်း မင်းပဲဖြစ်ချင်တယ်။

တချိန်ချိန်မှာ ----
တစုံတယောက်နဲ့ ဝေးကွာရမယ်ဆိုရင်တော့
နှစ်ခါပြန် သေချင်သေပါစေ
အဲဒီသူဟာ ဘယ်တော့မှ မင်းမဖြစ်စေရဘူး။

ဒါပေမယ့် ----
သူငယ်ချင်းတယောက်ကပြောတယ်
“အချစ်စစ်ဆိုတာ
ပိုင်ဆိုင်ရခြင်းနဲ့လည်း မဆိုင်ဘူး
သူရှိနေတယ် ဆိုတဲ့ အသိလေးနဲ့
ပြီးပြည့်စုံတဲ့ ခံစားချက်လေးပါပဲ” တဲ့ ။

ဒါကြောင့် ----
စွန့်လွှတ်ရခြင်းကို ငါမနှစ်သက်လည်း
ငါ့နှလုံးသားထဲမှာ မင်းရှိနေရုံနဲ့တင်
သိမ်မွေ့ ပြီးပြည့်စုံတဲ့ခံစားချက်လေးတခုနဲ့
ငါ လွမ်းတတ်အောင် ကြိုးစားတော့မယ်။

Friday, April 6, 2007

ဂရုစိုက်ခြင်းမခံရသော အာရုံတပါးသို့ ငြိတွယ်ခြင်း

• အဲ့ဒီနေ့က
မင်းကို တွေ့တော့
အချိန်တော်တော်ကြာ ပျောက်ဆုံးနေတဲ့ အရာတခုကို
ပြန်ရလိုက်သလို ငါ့ရင်မှာ ပြည့်စုံခဲ့တယ် --- ။


• အဲ့ဒီနေ့က
မင်းပြောခဲ့တဲ့စကားတွေ
မဖြစ်နိုင်မှန်းသိသိကြီးနဲ့ကို
အညာခံချင်နေမိတယ် --- ။
မင်းက ပုံပြောကောင်းသူဆိုရင်
ငါက နားထောင်ကောင်းသူတယောက်ဖြစ်အောင် ကြိုးစားမလို့ပါ ---။

• အဲဒီနေ့က
မင်း ငါ့ကို ထားခဲ့တာ
နှစ်ပေါင်းများစွာ ကြင်နာခဲ့သူက ထားခဲ့ခံရသလိုမျိုး နာကျင်မိတယ် --- ။
သတိမရသင့်သူ ကို သတိရမိသလိုမျိုး
ငါ့ရင်တွေ နာနေတာကို ငါပြန်တွေ့နေရတယ် ---။

• အဲဒီနေ့က
အခါခါ ထုတ်ကြည့်မိနေတဲ့
ငါ့ ဖုန်း message ထဲက
မင်းရေးပေးခဲ့တဲ့ “မဝေးချင်ဘူး” ဆိုတဲ့ စာတမ်းလေးရယ် ---။
အကြိမ်ကြိမ် ပွတ်သပ်ကြည့်မိတဲ့
ငါ့ လက်ဖမိုးပေါ်က မင်း အနမ်းလေးတခုရယ် --- ။

အဲဒီနေ့က ------
အဲဒီနေ့က ------

Wednesday, March 28, 2007

ကောင်လေးရဲ့ အဖြေ

ဘယ်လိုလဲ တဲ့
ကောင်မလေးက ကောင်လေးကို မေးတယ်
မင်း ငါ့ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား တဲ့
ကောင်လေးက အဖြေပေးတဲ့ အနေနဲ့
ကောင်မလေးရဲ့ နှူတ်ခမ်းပေါ် အနမ်းတပွင့် ခြွေချလိုက်တယ်။

ဘယ်လိုလဲ တဲ့
ကောင်မလေးက ကောင်လေးကို မေးတယ်
မင်း ငါ့ဘ၀ထဲကို လာနိုင်မှာလား တဲ့
ကောင်လေးရဲ့ သက်ပြင်းချသံသဲ့သဲ့ကို အဖြေတခုအနေနဲ့
ကောင်မလေး ရရှိလိုက်တယ်။

ဘယ်လိုလဲ တဲ့
ကောင်မလေးက ကောင်လေးကို မေးတယ်
အနာဂတ်ဘ၀တခုကို အတူတူလက်တွဲလျှောက်ကြစို့လား တဲ့
အဲ့ဒီနေ့ကစပြီး
ကောင်မလေးရဲ့ရှေ့ကို
ကောင်လေး ဘယ်တော့မှ ရောက်မလာတော့ဘူး။

ရုန်းထွက်ချင်တဲ့ စိတ်ပင်လယ်

ဘ၀တခုထဲမှာပဲ
ဇတ်လမ်းတွေ များစွာရှိတယ်။
ကိုယ်တိုင် ဒါရိုက်တာ
ကိုယ်တိုင်ပဲ ဇတ်ညွှန်းရေးဆရာ
ကိုယ်တိုင်လည်း အဓိကဇတ်ဆောင်ပါပဲ--- ။


အဲ့ဒီ ဇတ်လမ်းတွေထဲမှာ
အရေးကြီးတယ်
လို့ ပြောလို့ရတဲ့ အရာတွေရှိသလို၊
အရေးမကြီးဘူး
ဆိုပြီး ထားခဲ့တဲ့ အရာတွေလည်း ရှိခဲ့တယ်။
အိပ်မက်တခုကို နှစ်ခါပြန်မမက်ဖူး လို့
ဘယ်သူ ပြောနိုင်သလဲ ?

အဆုံးသတ်သွားတဲ့ ဇတ်လမ်းတချို့ကလည်း
ဆက်ရန်ရှိသေးနိုင်တာပဲလေ --
အဲဒီစိတ်နဲ့ ငါဟာ
ကိုယ့်ကို ချန်ရစ်ခဲ့ဖူးတဲ့သူကို
ချစ်တယ်လို့ နှစ်ခါပြန်၊ ပြန်ပြောမိတဲ့အထိ
မိုက်ရူးရဲဆန်မိခဲ့တဲ့နောက်

နောက်ကြောင်းပြန်တွေးတောချင်တတ်တဲ့စိတ်ရယ် ---
မျှော်လင့်နေချင်တတ်တဲ့စိတ်ရယ် ---
အရာရာကို ထားခဲ့ပြီး
လက်ရှိဘ၀မှာပဲ နေပျော်ချင်မိတယ်။

Wednesday, February 21, 2007

အသက်မဲ့ကြေကွဲခြင်း

ဘုရားဟောတဲ့
အနန္တော၊ အနန္တ ငါးပါး
ဘုရားရှိခိုးချိန်တိုင်းသာ
ငါတို့ ရွတ်ဆိုနေကျ
တနေ့တာ ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ သီလရဲ့
အကျိုး နဲ့ အပြစ်တွေကို
ဘယ်သူ တိတိကျကျ ဝေဖန်သုံးသပ်ဖူးသလဲ ---

တကယ်တော့
မုသားမပါ၊ လင်္ကာမချော” တဲ့
နင်ရော၊ ငါရော၊ ပုတုဇဉ်လူသားအားလုံး
သုံးနှုန်းဖူးကြတဲ့
သမာရိုးကျ စာချိုးတခုပါပဲ ---

ဘုရားက ဟောတယ်
မှန်ကန်၍ မြတ်သော
စကားကိုသာ၊ ငါဆို၏ ” တဲ့
ဒါဆို --
နင့်ဘ၀တခုလုံးကောင်းသွားအောင်
ငါ ဘာကြောင့်လိမ်ညာခဲ့သလဲ
ရင်ကွဲနာကျခဲ့တဲ့
ငါ ကိုယ်တိုင်သာ အသိဆုံးပါ။

တကယ်ဆိုရင်
နင်မှန်တယ်ထင်လည်း အမှန်
နင်မှားတယ်ဆိုလည်း အမှားပေါ့
ငါ ဘာငြင်းစရာရှိမလဲ ---
ဒါပေမယ့်
လိမ်ညာတိုင်း အမှားတခုဖြစ်ရောတဲ့လား -- ချစ်သူ။

ဒီလိုပဲပေါ့
ကမ္ဘာတခြမ်းဆီ ဝေးနေကြတဲ့
ငါတို့နှစ်ယောက်
နေ့တနေ့ထဲကို
နေ့လား ၊ ညလား မေးရင်
ငါ့ဘက်က ”နေ့” လို့ဆိုရင်
”ည” ဖြစ်နေတဲ့ နင်က
ငါညာတယ်လို့ ယူဆရင်တော့
ငါ ဘာတတ်နိုင်မှာလဲ ---

ချစ်သူ --
တကယ်တော့
အမှား၊ အမှန် ဆိုတာ
ကြည့်တဲ့သူရဲ့ ရှူထောင့်နဲ့ပဲဆိုင်ပါတယ် --

မဖြေရှင်းချင်တော့ပါဘူး --
ငါဆိုတဲ့ “လူ” က
နင့်အတွက်ဆိုရင် ၊ နင့်ကိုတောင်
စွန့်ဝံ့ခဲ့တဲ့သူပဲလေ ---

တခုတော့ တောင်းပန်ချင်တယ် --
နင် မချစ်တတ်တော့ရင်နေပါစေ၊ ငါ့ချစ်ခြင်းကို မစော်ကားပါနဲ့။
နင် မလွမ်းတော့ဘူးဆိုလည်း နေပါစေ၊ ငါ့အလွမ်းတွေကို မသရော်ပါနဲ့။

အချစ်က ဘယ်လောက်အရေးပါလို့လဲ ” တဲ့
မှန်ပါတယ် --- ငါကလည်း
အချစ်ကြောင့် ရှင်သန်နေတဲ့သူမဟုတ်ပါဘူး။
အသက်ရှင်နေသရွေ့သာ၊ နင့်ကိုချစ်နေချင်တာပါ --
ဒါပေမယ့် --
အခု ငါ
ငိုလည်း မနေဘူး၊ ပျော်လည်း မပျော်ပါဘူး--- ချစ်သူ။

Friday, February 16, 2007

ဒဏ်ရာမဲ့အနာဖြင့် အချစ်ကိုပျိုးယူခြင်း

ငါ့ကို တုံ့ပြန်မှူမရှိဘဲ ရုတ်တရက် Offline လုပ်သွားတတ်တဲ့ နင့်အတွက်
ငါဝမ်းမနည်းတတ်တော့လောက်အောင် ကျင့်သားရနေပါပြီ..။
တကယ်ဆို နင် စကားမပြောချင်တဲ့ ငါ့ကို
ငါစကားမပြောချင်တဲ့သူတွေလိုမျိုး
ငါ့ nick name ကို block မလုပ်တဲ့ နင့်ကို
ငါ တခုခုတော့ နားလည်ချင်နေပါတယ်။

နင်က ဘာကို သိချင်တာလဲ ..
ဘ၀ ဆိုတာ လူအများရှေ့မှာ ချပြလို့ကောင်းတဲ့
ဆီပြန်ဟင်းတခွက်မှ မဟုတ်တာ… ။

တကယ်ဆို ငါ့ကို “ငါ” လို
နင့်ကို ”နင်” လို၊ မှန်ကန်တဲ့အမြင်
မှန်ကန်တဲ့ သဘောထားတွေပဲ ရှိစေချင်တာပါ ..။
ဒါပေမယ့် ငါဟာ သိမ်မွေ့ချင်နေတဲ့ သားရိုင်းတကောင်လို၊
ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဇတ်ရုပ်ကို ၀င်ရောက်ကပြချင်သူလိုပါပဲ..။
နင့်ကို ပျော်စေချင်ပေမယ့်၊ ငါတယောက်ထဲ ပျော်နေရသလိုမျိုး၊
နင့်ကို ဦးစားပေးနေပေမယ့်၊ ကိုယ့် အတ္တကို ကိုယ်တိုင်စားသုံးသူလိုမျိုး၊
ဘာအဓိပါယ် ရှိမယ် လို့ နင်ထင်သလဲ…?

ငါ ဘာမှားခဲ့လို့လဲ ” လို့
မေးရလောက်အောင်တော့ ငါဟာ
အပြစ်ကင်းခဲ့သူတယောက်တော့ မဟုတ်ပါဘူး…။

ဒါပေမယ့် အမှန်တရားဆိုတာ
လူတကိုယ်စာမှာ ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိနိုင်လို့လဲ ?
ငါမှားခဲ့တယ်ဆိုတာလည်း နင့်အတွက်ပါပဲ …
ငါမှန်ခဲ့တယ်ဆိုလည်း နင့်အတွက်ပါပဲ …

နင်ထားလို့ နေရစ်ခဲ့တဲ့ ငါ့ကို
အပြစ်လို့ နင်ယူဆထားရင်လည်း
ပြင်ဆင်လို့မရတော့တဲ့ အချိန်တွေအတွက်တော့
ငါ ဘာမှ မတတ်နိုင်တော့ပါဘူး ..။
အချစ်ကြောင့် မရှင်သန်ချင်တော့တဲ့ “နင်” နဲ့
အချစ်ကို ကိုးကွယ်ချင်မိတဲ့ “ငါ” တို့နှစ်ယောက်
မဆုံစည်းနိုင်တော့တာကိုလည်း
ငါ ၀မ်းမနည်းတတ်တော့လောက်အောင် ကျင့်သားရနေပါပြီ..။