Friday, February 16, 2007

ဒဏ်ရာမဲ့အနာဖြင့် အချစ်ကိုပျိုးယူခြင်း

ငါ့ကို တုံ့ပြန်မှူမရှိဘဲ ရုတ်တရက် Offline လုပ်သွားတတ်တဲ့ နင့်အတွက်
ငါဝမ်းမနည်းတတ်တော့လောက်အောင် ကျင့်သားရနေပါပြီ..။
တကယ်ဆို နင် စကားမပြောချင်တဲ့ ငါ့ကို
ငါစကားမပြောချင်တဲ့သူတွေလိုမျိုး
ငါ့ nick name ကို block မလုပ်တဲ့ နင့်ကို
ငါ တခုခုတော့ နားလည်ချင်နေပါတယ်။

နင်က ဘာကို သိချင်တာလဲ ..
ဘ၀ ဆိုတာ လူအများရှေ့မှာ ချပြလို့ကောင်းတဲ့
ဆီပြန်ဟင်းတခွက်မှ မဟုတ်တာ… ။

တကယ်ဆို ငါ့ကို “ငါ” လို
နင့်ကို ”နင်” လို၊ မှန်ကန်တဲ့အမြင်
မှန်ကန်တဲ့ သဘောထားတွေပဲ ရှိစေချင်တာပါ ..။
ဒါပေမယ့် ငါဟာ သိမ်မွေ့ချင်နေတဲ့ သားရိုင်းတကောင်လို၊
ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဇတ်ရုပ်ကို ၀င်ရောက်ကပြချင်သူလိုပါပဲ..။
နင့်ကို ပျော်စေချင်ပေမယ့်၊ ငါတယောက်ထဲ ပျော်နေရသလိုမျိုး၊
နင့်ကို ဦးစားပေးနေပေမယ့်၊ ကိုယ့် အတ္တကို ကိုယ်တိုင်စားသုံးသူလိုမျိုး၊
ဘာအဓိပါယ် ရှိမယ် လို့ နင်ထင်သလဲ…?

ငါ ဘာမှားခဲ့လို့လဲ ” လို့
မေးရလောက်အောင်တော့ ငါဟာ
အပြစ်ကင်းခဲ့သူတယောက်တော့ မဟုတ်ပါဘူး…။

ဒါပေမယ့် အမှန်တရားဆိုတာ
လူတကိုယ်စာမှာ ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိနိုင်လို့လဲ ?
ငါမှားခဲ့တယ်ဆိုတာလည်း နင့်အတွက်ပါပဲ …
ငါမှန်ခဲ့တယ်ဆိုလည်း နင့်အတွက်ပါပဲ …

နင်ထားလို့ နေရစ်ခဲ့တဲ့ ငါ့ကို
အပြစ်လို့ နင်ယူဆထားရင်လည်း
ပြင်ဆင်လို့မရတော့တဲ့ အချိန်တွေအတွက်တော့
ငါ ဘာမှ မတတ်နိုင်တော့ပါဘူး ..။
အချစ်ကြောင့် မရှင်သန်ချင်တော့တဲ့ “နင်” နဲ့
အချစ်ကို ကိုးကွယ်ချင်မိတဲ့ “ငါ” တို့နှစ်ယောက်
မဆုံစည်းနိုင်တော့တာကိုလည်း
ငါ ၀မ်းမနည်းတတ်တော့လောက်အောင် ကျင့်သားရနေပါပြီ..။

No comments: