Thursday, December 20, 2007

စက္ကူပန်း၏ဝေဒနာ

ငါ့နှလုံးသားကို ငါဖောက်ထုတ်ပစ်ချင်တယ်
ဒဏ်ရာဆိုတဲ့နေရာမှာ
ခလုတ်မရှိတဲ့ မျက်ကန်းတယောက် ငါ မဖြစ်ချင်ဘူး ။

တော်သေးရဲ့
မင်းရဲ့ ကိုယ်စိတ်နှစ်ပါး မအားလပ်လို့များ
ငါ့မျက်ဝန်းတွေကို မမြင်လေရော့သလား၊
ငါ့ရင်ထဲက ဘာသာစကားတွေကို မကြားလေရော့သလား ၊

ထားလိုက်ပါတော့
ကမ္ဘာမှာ
တယောက်နဲ့တယောက် ရောဂါမတူတာ ငါသိပြီ။

ကိုယ့်နှလုံးသားကိုယ် တရားနည်းလမ်းကျကျလိမ်ရတော့မယ်
လွတ်လပ်ပြီလို့ ထင်မြင်စရာအနည်းငယ်
“ဟာ” သွားတဲ့ အတွေးအခေါ်ထဲ ဘာတွေ ထည့်မလဲ ။

ကိုယ့်နှလုံးသားကို ကိုယ်ပိုင်ဦးနှောက်နဲ့ ပြန်စမ်းကြည့်မိချိန်
လရောင်လိမ်းထားတဲ့ စကားတခွန်းကြားလိုက်တယ်
“ ဘ၀ဆိုတာ
အချစ်နဲ့ ကလိမှ လိုင်းမိမယ့် ရေဒီယိုလား” တဲ့ ။

ငါလို စက္ကူပန်းက
ရနံ့မရှိတော့ မလေးစားကြပြန်ဘူး
စိတ်မညစ်တော့ပါဘူး
ဒီအဖြစ်ကြီးထဲက ဒီအဖြစ်တွေပါပဲ ။

ဒါပေမယ့်
ငါ့ အိပ်မက်သေးသေးလေးကတော့
ဂျပိုးအကိုက်ခံလိုက်ရပြီ ။

မင်းအတွက် … ငါ

ငါမသိလိုက်မိဘူး
မင်း… ငါ့ရင်ဘတ်ထဲ
ဘယ်အချိန်ကရောက်လာတာလဲ ။

ခဏလေးပါပဲ
ငါ့အာရုံတွေ နောက်သွားတယ် ။
ငါ ကိုယ်တိုင် တိုက်ပိတ်ထားတဲ့
“အချစ်” ဆိုတဲ့အရာကို
မီးမောင်းထိုးမပြချင်ပါနဲ့လား ကောင်လေးရယ် ။

အချစ်ကို အချိန်ဆိုတာနဲ့
မင်းဘယ်လို အချိုးချချင်လဲ.. ။

တယောက်ထဲနေတာကြာတော့၊
စကားလုံးတချို့ရဲ့အနက်ကို မယုံကြည်ဘူး ။

ချစ်တယ်....” ဆိုတဲ့
စကားထက်ပြည့်စုံတဲ့စကားရှိရင်
မင်းအတွက် သီးသန့်သိမ်းထားချင်တယ် ။

အခွင့်ရှိရင်
တစ်နေ့နေ့မှာ
မင်းကို ….
ဖွင့်ဆိုပြဖို့ပေါ့။

အလွမ်းငွေ့ပေးတဲ့ ချစ်သူ့ရိပ်

ထိတွေ့ခွင့်မရတဲ့ လက်ကလေးတစုံရယ် ….
မင်းလက်လေးတွေ
အေးနေလား၊ နွေးနေလားဟင် ?

ဖိနမ်းခွင့်မရှိတဲ့ နှူတ်ခမ်းပါးတစုံရယ် …..
မင်းနှူတ်ခမ်းလေးတွေ
ချိုနေလား၊ မွှေးနေလားဟင် ?

တန်ပြန်စိုက်မကြည့်ရဲတဲ့ မျက်ဝန်းညိုရယ် ….
မင်းမျက်ဝန်းလေးက
ကြင်နာနေတာလား၊ နာကျင်နေတာလားဟင် ?

ပိုင်ဆိုင်ခွင့်မရှိတဲ့ နှလုံးသားတခုရယ် …
ဝေးသွားမှာလား ?
နီးလာမှာလား ?
မသေချာတဲ့ နေ့ရက်တွေထဲမှာ
မင်းကို ငါ
မြင်နေရက်နဲ့
လွမ်းနေရတယ် ..ကောင်လေးရယ် ။ ။ ။

Tuesday, October 30, 2007

ငါ့ ည

လမထွက်တဲ့ “ည”
လပျောက်နေတဲ့ “ည”
မှောင်မိုက်နေတဲ့ “ည”
တိတ်ဆိတ်လွန်းတဲ့ “ည”
ခြောက်သွေ့နေတဲ့ “ည”
မလှမပ “ည” တညပါ …။

ခံစားချက်အပြည့်
ဒဏ်ရာအနာတရများစွာနဲ့
လူတွေအတွက်တော့
ကြေကွဲဖွယ်ကောင်းလွန်းလှတဲ့ “ည” ပေါ့ …။

လမရှိတဲ့ “ည” နဲ့
လရှိတဲ့ “ည”
“ဘယ် ညက ပိုလှသလဲ ..
ဘယ် ညက ပိုအဓိပါယ်ရှိသလဲ…” တဲ့ …။

လရှိတဲ့ “ည”က ပိုလှတယ်
လရှိမှ “ည” ရဲ့ အဓိပါယ်က ပြည့်စုံသတဲ့လား …။

“ည” မှာ လမရှိလည်း
“ည” က “ည” ပါပဲ
လမရှိတဲ့ “ည”ကမှ “ည”နဲ့ပိုတူသလို၊
လမရှိတဲ့ “ည”ကမှ ဘ၀ဆန်တဲ့“ည”
ငါ့ရဲ့ “ည” ….။

Tuesday, October 16, 2007

နေရာ

အနာဂတ်ကိုလည်း ကြိုမတွက်ဘူး
အတိတ်ကိုလည်း မတူးဆွဘူး
ငါက ...
လက်ရှိအနေအထားလေးမှာ
နင့်ကြောင့် ...
နေပျော်တတ်လာခဲ့တာ ။။

နင့်ကိုချစ်တဲ့စိတ်တွေနဲ့
ငါ့ကိုငါတောင် မမှတ်မိလေတော့
ငါ့ရင်ခွင်ကြားက နင့်ပုံရိပ်တွေက
ငါ့ကိုယ်ပွားတွေလို ဖြစ်နေခဲ့ပြီ ။။

အဆုံးသတ်မယ့် ကဗျာတပုဒ်ပါ
စာလုံးပေါင်းတွေ မှားနိုင်ပေမယ့်
ခံစားချက်ကတော့ သတ်ပုံအမှန်ပါပဲ ။။
ဝါကျတွေမှာ သဒ္ဒါမှားရင်မှားမယ်
ရင်ခုန်သံကတော့ အထားအသိုမလွဲဘူး ။။

ရိုးသားမှူတွေနဲ့ လုံလုံခြုံခြုံ
ဝတ်ရုံပေးထားတယ်၊
အယူခံဝင်တယ်ပဲဆိုဆို
ဖြောင့်ချက်ပေးတယ်ပဲ ပြောပြော
အဲဒီမှာ ...
နင်မရှိတဲ့ နေ့ရက်တွေရော
နင်ရှိခဲ့တဲ့ နေ့ရက်တွေရော
အစီအစဉ်တကျရှိနေတာကို မင်းတွေ့လိမ့်မယ် ။။။။။

Thursday, September 20, 2007

ကာရံမဲ့အလွမ်း

တကယ်ဆို
ချစ်လည်း ချစ်တတ်ခဲ့ဘူးပါတယ် ။
ဆုံးလည်း ဆုံးရှူံးခဲ့ဖူးတယ် ။
အသည်းလည်း ကွဲခဲ့ဖူးပါတယ် ။

ကံကောင်းခြင်း မရှိတတ်တဲ့
ချစ်ခြင်းတခုအတွက်
ဒဏ်ရာအနာတရတွေကို မေ့ပြစ်လိုက်ဖို့ ကြိုးစားရင်း ---
ကိုယ့်နှလုံးသားကို ကိုယ်တိုင် ယုံကြည်ချက် ကင်းမဲ့လာရင်း ---
မမျှော်လင့်ပဲ ချစ်ခြင်းလက်ဆောင်တခု
မောင့်ဆီက ကျမ ထပ်မံရရှိခဲ့တယ်။

အိပ်မက်လေလား
တကယ်ပဲလား ” လို့
တရေးနိုးတဲ့ညတိုင်း ဝေခွဲရခက်ဆဲပါပဲ မောင်။

တညနေစာ နွေးထွေးမှူတခုကို
ကျမ ဘာလို့တမ်းတတတ်ခဲ့တာလဲ --။
တမနက်စာ ဂရုစိုက်မှူတခုကိုရော
ကျမ ဘာလို့ဒီလောက်လွမ်းတတ်နေရတာလဲ --။

မောင်ထားခဲ့တဲ့
အကွာအဝေးတခုစာ အလွမ်းတွေနဲ့
ကျမ ရင်မမောချင်တော့ဘူး မောင်ရယ် … ။

ပြန်လာပါတော့ကွာ
ကျမအနားမှာ မောင်မရှိရင်
အတောက်ပဆုံးကြယ်စင်လည်း မထွန်းလင်းနိုင်ဘူး ။
အမွှေးပျံ့ဆုံးပန်းလေးတွေလည်း မလန်းဆန်းနိုင်ဘူး ။
အချိုသာဆုံး တေးသံတချို့လည်း မပျံ့လွင့်နိုင်ပါဘူး ။

ပြန်လာပါတော့နော်
ကျမဘေးမှာ မောင်ရှိနေတယ် ဆိုတဲ့ အိပ်မက်တွေ
မောင့်ရင်ခွင်မှာ ရှိနေခွင့်ပေးတဲ့ အိပ်မက်တွေ
မောင့်လက်ကို မြဲမြဲဆုပ်ကိုင်ထားခွင့်ရတဲ့ အိပ်မက်တွေ
ကျမ ဆက်မမက်ချင်တော့လောက်အောင်
မောင့် ကို ကျမ လိုအပ်နေလို့ပါ။

Thursday, August 9, 2007

ဘ၀ ရဲ့နိယာမ

စလုံး ရေ စ
ဘ၀ဆိုတာ သူ စ ချင်တဲ့အချိန် စခဲ့
ဒါပေမယ့်
အဓိပါယ်မဲ့တော့မဟုတ်ဘူး။

ဘ၀ရဲ့ဇတ်ခုံ
ကပြချင်တဲ့ဇတ်ညွှန်းလဲ က
မကပြချင်တဲ့ဇတ်ညွှန်းလဲ က
လူ့သဘော မနော တွေကတော့
ကြိုတင်ဖတ်ခွင့်မရှိတဲ့ ဇတ်ညွှန်းတွေပေါ့။

ကိုယ်တိုင် ကျေနပ်ခဲ့သလား
ခံစားခဲ့ရတဲ့ အချစ် အလွမ်းတွေ အတွက် …
ခါးသီးနေခဲ့သေးလား ကြုံလာခဲ့ရတဲ့အမုန်းတရားတွေအတွက် …
သေချာမသိနိုင်တဲ့ အနာဂတ် ဆိုတဲ့
မနက်ဖြန်များစွာရဲ့ သံသရာထဲမှာ
မရှိမဖြစ် အရာများစွာအတွက်
ကြိုးစားရုန်းကန်ရင်း
နစ်မျောမှန်းမသိ နစ်မျောနေခဲ့မိတယ်။

ဒီလောက်ရှူပ်ထွေးလွန်းတဲ့ လူ့လောကထဲမှာ
နိုင်တစ်ခါ၊ ရှူံးတလှည့်
ရှိတစ်ခါ၊ မရှိတလှည့်
ချစ်တစ်ခါ၊ မုန်းတလှည့်
ဒီလိုနဲ့ ငါ ခံစားခဲ့ရသမျှ အရာတွေဟာ
သေချာမှူတစ်ခုတစ်လေတောင် မပေးစွမ်းနိုင်ခဲ့ဘူး။

ဒါဆို
ဘ၀ ရဲ့နိယာမဆိုတာ ဘာလဲ….။
သေချာမှူဆိုတာကို ဘယ်မှာ ရှာတွေ့နိုင်မလဲ …။
ဟာ… မေးခွန်းတွေများစွာနဲ့
ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်။

ငါ … ဘာတွေပြင်ဆင်ပြီးပြီလဲ
မသေချာတဲ့ မနက်ဖြန်အတွက်
ကြိုတင်မသိနိုင်တဲ့ နောက်ထပ် တစ်နာရီအတွက်
မှန်းလို့မရတဲ့ မိနစ် စကန့်လေးတွေအတွက်။
ဘ၀ကို နိဂုံးချုပ်စေမယ့်
သေခြင်းတရားဆိုတာ
အခါမနှောင်းသေးပေမယ့်လည်း

ရောက်လာတတ်တဲ့ သဘောရှိတယ်လေ။