Thursday, December 20, 2007

စက္ကူပန်း၏ဝေဒနာ

ငါ့နှလုံးသားကို ငါဖောက်ထုတ်ပစ်ချင်တယ်
ဒဏ်ရာဆိုတဲ့နေရာမှာ
ခလုတ်မရှိတဲ့ မျက်ကန်းတယောက် ငါ မဖြစ်ချင်ဘူး ။

တော်သေးရဲ့
မင်းရဲ့ ကိုယ်စိတ်နှစ်ပါး မအားလပ်လို့များ
ငါ့မျက်ဝန်းတွေကို မမြင်လေရော့သလား၊
ငါ့ရင်ထဲက ဘာသာစကားတွေကို မကြားလေရော့သလား ၊

ထားလိုက်ပါတော့
ကမ္ဘာမှာ
တယောက်နဲ့တယောက် ရောဂါမတူတာ ငါသိပြီ။

ကိုယ့်နှလုံးသားကိုယ် တရားနည်းလမ်းကျကျလိမ်ရတော့မယ်
လွတ်လပ်ပြီလို့ ထင်မြင်စရာအနည်းငယ်
“ဟာ” သွားတဲ့ အတွေးအခေါ်ထဲ ဘာတွေ ထည့်မလဲ ။

ကိုယ့်နှလုံးသားကို ကိုယ်ပိုင်ဦးနှောက်နဲ့ ပြန်စမ်းကြည့်မိချိန်
လရောင်လိမ်းထားတဲ့ စကားတခွန်းကြားလိုက်တယ်
“ ဘ၀ဆိုတာ
အချစ်နဲ့ ကလိမှ လိုင်းမိမယ့် ရေဒီယိုလား” တဲ့ ။

ငါလို စက္ကူပန်းက
ရနံ့မရှိတော့ မလေးစားကြပြန်ဘူး
စိတ်မညစ်တော့ပါဘူး
ဒီအဖြစ်ကြီးထဲက ဒီအဖြစ်တွေပါပဲ ။

ဒါပေမယ့်
ငါ့ အိပ်မက်သေးသေးလေးကတော့
ဂျပိုးအကိုက်ခံလိုက်ရပြီ ။

မင်းအတွက် … ငါ

ငါမသိလိုက်မိဘူး
မင်း… ငါ့ရင်ဘတ်ထဲ
ဘယ်အချိန်ကရောက်လာတာလဲ ။

ခဏလေးပါပဲ
ငါ့အာရုံတွေ နောက်သွားတယ် ။
ငါ ကိုယ်တိုင် တိုက်ပိတ်ထားတဲ့
“အချစ်” ဆိုတဲ့အရာကို
မီးမောင်းထိုးမပြချင်ပါနဲ့လား ကောင်လေးရယ် ။

အချစ်ကို အချိန်ဆိုတာနဲ့
မင်းဘယ်လို အချိုးချချင်လဲ.. ။

တယောက်ထဲနေတာကြာတော့၊
စကားလုံးတချို့ရဲ့အနက်ကို မယုံကြည်ဘူး ။

ချစ်တယ်....” ဆိုတဲ့
စကားထက်ပြည့်စုံတဲ့စကားရှိရင်
မင်းအတွက် သီးသန့်သိမ်းထားချင်တယ် ။

အခွင့်ရှိရင်
တစ်နေ့နေ့မှာ
မင်းကို ….
ဖွင့်ဆိုပြဖို့ပေါ့။

အလွမ်းငွေ့ပေးတဲ့ ချစ်သူ့ရိပ်

ထိတွေ့ခွင့်မရတဲ့ လက်ကလေးတစုံရယ် ….
မင်းလက်လေးတွေ
အေးနေလား၊ နွေးနေလားဟင် ?

ဖိနမ်းခွင့်မရှိတဲ့ နှူတ်ခမ်းပါးတစုံရယ် …..
မင်းနှူတ်ခမ်းလေးတွေ
ချိုနေလား၊ မွှေးနေလားဟင် ?

တန်ပြန်စိုက်မကြည့်ရဲတဲ့ မျက်ဝန်းညိုရယ် ….
မင်းမျက်ဝန်းလေးက
ကြင်နာနေတာလား၊ နာကျင်နေတာလားဟင် ?

ပိုင်ဆိုင်ခွင့်မရှိတဲ့ နှလုံးသားတခုရယ် …
ဝေးသွားမှာလား ?
နီးလာမှာလား ?
မသေချာတဲ့ နေ့ရက်တွေထဲမှာ
မင်းကို ငါ
မြင်နေရက်နဲ့
လွမ်းနေရတယ် ..ကောင်လေးရယ် ။ ။ ။