Wednesday, February 21, 2007

အသက်မဲ့ကြေကွဲခြင်း

ဘုရားဟောတဲ့
အနန္တော၊ အနန္တ ငါးပါး
ဘုရားရှိခိုးချိန်တိုင်းသာ
ငါတို့ ရွတ်ဆိုနေကျ
တနေ့တာ ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ သီလရဲ့
အကျိုး နဲ့ အပြစ်တွေကို
ဘယ်သူ တိတိကျကျ ဝေဖန်သုံးသပ်ဖူးသလဲ ---

တကယ်တော့
မုသားမပါ၊ လင်္ကာမချော” တဲ့
နင်ရော၊ ငါရော၊ ပုတုဇဉ်လူသားအားလုံး
သုံးနှုန်းဖူးကြတဲ့
သမာရိုးကျ စာချိုးတခုပါပဲ ---

ဘုရားက ဟောတယ်
မှန်ကန်၍ မြတ်သော
စကားကိုသာ၊ ငါဆို၏ ” တဲ့
ဒါဆို --
နင့်ဘ၀တခုလုံးကောင်းသွားအောင်
ငါ ဘာကြောင့်လိမ်ညာခဲ့သလဲ
ရင်ကွဲနာကျခဲ့တဲ့
ငါ ကိုယ်တိုင်သာ အသိဆုံးပါ။

တကယ်ဆိုရင်
နင်မှန်တယ်ထင်လည်း အမှန်
နင်မှားတယ်ဆိုလည်း အမှားပေါ့
ငါ ဘာငြင်းစရာရှိမလဲ ---
ဒါပေမယ့်
လိမ်ညာတိုင်း အမှားတခုဖြစ်ရောတဲ့လား -- ချစ်သူ။

ဒီလိုပဲပေါ့
ကမ္ဘာတခြမ်းဆီ ဝေးနေကြတဲ့
ငါတို့နှစ်ယောက်
နေ့တနေ့ထဲကို
နေ့လား ၊ ညလား မေးရင်
ငါ့ဘက်က ”နေ့” လို့ဆိုရင်
”ည” ဖြစ်နေတဲ့ နင်က
ငါညာတယ်လို့ ယူဆရင်တော့
ငါ ဘာတတ်နိုင်မှာလဲ ---

ချစ်သူ --
တကယ်တော့
အမှား၊ အမှန် ဆိုတာ
ကြည့်တဲ့သူရဲ့ ရှူထောင့်နဲ့ပဲဆိုင်ပါတယ် --

မဖြေရှင်းချင်တော့ပါဘူး --
ငါဆိုတဲ့ “လူ” က
နင့်အတွက်ဆိုရင် ၊ နင့်ကိုတောင်
စွန့်ဝံ့ခဲ့တဲ့သူပဲလေ ---

တခုတော့ တောင်းပန်ချင်တယ် --
နင် မချစ်တတ်တော့ရင်နေပါစေ၊ ငါ့ချစ်ခြင်းကို မစော်ကားပါနဲ့။
နင် မလွမ်းတော့ဘူးဆိုလည်း နေပါစေ၊ ငါ့အလွမ်းတွေကို မသရော်ပါနဲ့။

အချစ်က ဘယ်လောက်အရေးပါလို့လဲ ” တဲ့
မှန်ပါတယ် --- ငါကလည်း
အချစ်ကြောင့် ရှင်သန်နေတဲ့သူမဟုတ်ပါဘူး။
အသက်ရှင်နေသရွေ့သာ၊ နင့်ကိုချစ်နေချင်တာပါ --
ဒါပေမယ့် --
အခု ငါ
ငိုလည်း မနေဘူး၊ ပျော်လည်း မပျော်ပါဘူး--- ချစ်သူ။

No comments: